တစ်နေ့ ..ကျောင်းကိုအသွား  လမ်းမှာ အပင်ပေါ်တက်ပြီး မာလကာသီးတွေ
ခူးနေတုန်း ဆရာကြီးကို
 ပိုသတိထားလိုက်မိတာပဲ   မေမေ.....။
       " အာ ....ဒီကောင် ဘယ်ပေါ်တက်နေတာလဲ   ဆင်းစမ်း .."
 ကြိမ်လုံးကြီးနဲ့  သူက အောက်က အော်လို့  သားပြန်ဆင်းလာရတယ်။ သားကို
သူကငေါက်တယ်။
      " သွား ....ကိုယ့်ကျောင်းကိုယ် ဖြောင့်ဖြောင့်သွား ၊ ဘာကိစ
သူများအပင်ကို  သွားခူးနေရတာလဲ "
      " သား မာလကာသီး စားမလို့ "
      " ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ "
      " ဒါဆို အောက်ကနေပဲ ခူးတော့မယ် "
   အဲဒီလို ပြောပြီး တုတ်နဲ့ ရိုက်ပြီးတော့ ဖြစ်ဖြစ်၊ ခဲနဲ့
ပေါက်ပြီးတော့ ဖြစ်ဖြစ် ..ခူးမယ်လုပ်တော့လည်း ..
သူက လက်မခံဘူး ။
      " မင်းမှာ အိမ်ကထည့်ပေးလိုက်တဲ့  မုန့်ဘူး ပါတယ်မဟုတ်လား ။
သွား....သွား ...ကိုယ့်ကျောင်းကိုယ်
ဖြောင့်ဖြောင့်သွား "
      ခက်တော့တာပါပဲ ။ သားလည်း ဘာမှမပြောချင်တာနဲ့  လှည့်ထွက်ခဲ့တယ် ။
အမှန်ဆို မာလကာပင်ကို
သား  တက်ခူးစားလို့  ရသလို  သူလည်း တက်ခူးစားလို့  ရတာပဲ ။ ဒါမှ
မဟုတ်ရင်လည်း  သားခူးလာတဲ့
မာလကာသီးတွေထဲက  သူ့ကို နည်းနည်း  ခွဲပေးလို့ရတာပဲ ။ ခုတော့
နှစ်ယောက်လုံး  ငတ်ကြရတယ် ။
      တကယ်ဆို  သားက သူများအပင်ကို  ခိုးခူးတာ  မဟုတ်ပါဘူး ။
အပင်ပိုင်ရှင်  အဒေါ်ကြီးကိုယ်တိုင်က
" ခူးစားလေ " လို့  ခွင့်ပြုထားပြီးသားပါ ။ ဒါပေမယ့်  သားက မတီးပဲ
မမြည်ချင်ဘူးလေ ။ ဆရာကြီးက
မမေးတော့  သားလည်း  ပြောမပြဖြစ်တော့ဘူးပေါ့ ။
      အဲ့ဒီနေ့ က  စပြီး  သားလည်း  ဆရာကြီးကို  သတိထားပြီး
စောင့်ကြည့်နေမိတော့တယ် ။
      သူက  သားတို့ရဲ့ ကျောင်းအုပ်ဆရာကြီး  ဆိုပေမယ့်  သားတို့တွေကို
ပြန်ကြောက်နေပုံ ရတယ် မေမေ ။
ဘာဖြစ်လို့လည်းဆိုတော့ သူ့ကိုယ်သူ  ကာကွယ်ဖို့ အတွက်
ကြိမ်လုံးကြီးတစ်လုံး အမြဲ ကိုင်ထားတတ်တယ်။
လိုအပ်ရင်  အချက်ပေးဖို့အတွက်  အသံထွက်ခေါင်းလောင်းကြီး  တစ်လုံးကလည်း
အနားမှာ  အမြဲရှိပြန်ရော ။
     သူ့ဘ၀က  သနားဖို့ ကောင်းပါတယ်  မေမေရယ် ။
     ကျောင်းကိုလာရင်  ဖေဖေက သားကို စက်ဘီးလေးနင်းပြီး
လိုက်ပို့ပေးတာမျိုး  မဟုတ်ဘူး ။ သူ့ဖာသာ
နင်းလာရတယ် ။ သားကို  မေမေ ခေါင်းဖြီးပေးသလိုမျိုးလည်း  သူ့ကို
ဘယ်သူကမှ  လုပ်မပေးဘူး ။
သူ့ခေါင်းကို သူ့ဖာသာ  ဖြီးရတယ် ။ သားတို့လို  ပေါ့ပေါ့ပါးပါး
ဘောင်းဘီတိုလေး ၀တ်ပြီး  ကျောင်းလာလို့လည်း
 မရဘူး ။ အမြဲတမ်း  ပုဆိုးကြီး  စည်းထားရတယ် ။ သားတို့လို   သနပ်ခါး
ပါးကွက်ကျားလေးလူးပြီး
ကျောင်းကို လာဖို့ဆိုတာ ကတော့  ဝေလာဝေးပေါ့ ။
    သူက  သားတို့လို  မုန့်ဖိုးလေး  ဘာလေး  မရရှာဘူး ။  ကျောင်းကနေ
သူ့ကို  တစ်လတစ်ခါ  ထောက်ပံ့ကြေး
ပေးထားရတယ် ။ အဲ့ဒီ  ပိုက်ဆံကိုပဲ  သူ့ခမျာ  တစ်လစာ  ချွေတာသုံးနေရတယ် ။
ဆိုင်မှာပဲ  ထမင်းကို
လပေးစားတယ်တဲ့။ ခွံ့ကျွေးမယ့်သူလည်း  မရှိဘူး ။ သူ့ဖာသာ ဇွန်းနဲ့
ခပ်စားရတယ် ။
    သူက ကဗျာတွေ  ဘာတွေလည်း  ရေးသတဲ့  မေမေရယ် ။ သားတို့ဆို
ဖတ်စာအုပ်ထဲက ကဗျာကို ရွတ်လိုက်တာပဲ။
သူ့လို  အပင်ပန်းခံပြီး  ရေးစပ်မနေပါဘူး ။ ဘယ့်နှယ်......မဟုတ်တာကြီး ။
တစ်ခါတစ်ခါ  သူ့ဆီကို  သူ့မိတ်ဆွေ
ကဗျာဆရာဆိုတဲ့  လူကြီးတွေ  လာလည်ကြတယ် ။ လက်ဖက်ရည်ဆိုင်မှာ  ထိုင်ပြီး
ငြင်းကြခုန်ကြနဲ့ ။ သားတို့လို
" ဖိုက် " စရာရှိရင်  ကျောင်းဘေး  လယ်ကွင်းပြင်ကို သွားပြီး  အပြတ် "
ဖိုက် "  လိုက်တာမျိုးလည်း  မဟုတ်ဘူး ။
ဘယ်လိုမှန်း  မပြောတတ်တော့ပါဘူး ။
    သားတို့ကို  စာပြန်သင်ဖို့အတွက်  သူအိမ်မှာ  စာတွေအများကြီး
ကျက်ရမှာပဲနော် ။  သားတို့တောင်  ဒီလောက်
ကျက်ရတာ  သူဆိုရင် နည်းမှာ မဟုတ်ဘူး ။  သူကျက်တဲ့စာတွေကို
ရသွားခဲ့ပြီးရင်လည်း  သားတို့လို  ပါးကို နမ်းပြီး
ဂုဏ်ပြုမယ့်သူ  ရှိတာမဟုတ်ဘူး ။  နောက်ပြီး  သူသင်ပေးလိုက်တဲ့
ကျောင်းသားတွေက  မူလတန်းအောင်ပြီး လို့
အလယ်တန်း ၊ အထက်တန်းတွေကို  ရောကကုန်ပေမယ့်  သူကတော့  အတန်းမတက်ရဘူး ။
မူလတန်းမှာပဲ ကျန်ခဲ့တယ်။
သူ့ဝဋ္ဋ်က  ကြီးပါတယ်  မေမေရယ် ။  ဘယ်လိုကြီးလည်း  မသိဘူးနော် ။
   သူက  အသည်းလည်း  ကွဲခဲ့ဘူးတယ်လို့  ကြားရတယ် ။  ကွဲနေတဲ့
အသည်းကြီးနဲ့  အသက်ရှင် လူလုပ်နေရတယ်တဲ့ ။
ဆင်းရဲတဲ့  ကျောင်းဆရာမို့လို့  သူ့ချစ်သူနဲ့  ကွဲခဲ့ရတယ်ဆိုပဲ ။
သူ့ကြိမ်လုံးကြီးနဲ့  လိုက်ရိုက်လိုက်တာ  မဟုတ်ဘူး ။
သူက  ခွင့်ပြုခဲ့ပါတယ်တဲ့ ။ တစ်ခါတစ်ခါကျတော့  ရုံးခန်းထဲမှာ ထိုင်ပြီး
နံရံကို  ရီရီဝေေ၀  ငေးနေတတ်တယ် ။

       ဒါနဲ့များတောင်  မေမေက  ပြောသေးတယ် ။
      " သား...... ကျောင်းစာကို  ကြိုးစားသင်နော် "
   "ဘာဖြစ်လို့လဲ "
      " အဲဒါမှ  ပညာတွေ  အများကြီး  တတ်မှာပေါ့"
   "ပညာတွေ  အများကြီး တတ်တော့  ဘာလုပ်မှာလဲ"
       " သားတို့  ကျောင်းမှာ  ကျောင်းအုပ်ဆရာကြီး  ပြန်လုပ်လို့ရတာပေါ့
"
   သား  ကပျာကရာ  ခေါင်းခါ ငြင်းမိတယ် ။
    " ဟာ .....မလုပ်ချင်ပါဘူး "
        "ဘာဖြစ်လို့လဲ  သားရဲ့ "
    " ဟာ ....ဟင့်အင်း ......မလုပ်ချင်ပါဘူး "
    ဘာဖြစ်လို့လည်းဆိုတော့  မေမေ့ကို  သားမပြောပြဘူး ။  ဘယ်တော့မှ
မပြောပြဘူး ။
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Wonderful_light" group.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at 
http://groups.google.com/group/inurmind?hl=en
-~----------~----~----~----~------~----~------~--~---

Reply via email to